ကလေးတွေမှာဖြစ်တတ်တဲ့ နာတာရှည်ချောင်းဆိုးရောဂါ

A common chronic cough in children
Share on facebook
Facebook
Share on telegram
Telegram

ချောင်းဆိုးခြင်းသည် အသက်ရှုလမ်းကြောင်းတွင်းသို့ ရောဂါပိုးမွှားများမဝင်ရောက်အောင် ပြင်ပမှဝင်လာသော အရာဝတ္ထုနှင့် အညစ်အကြေးချွဲများကို ဖယ်ရှားပေးသည့် ခန္ဓာကိုယ်၏ ဇီဝကမ္မတုံ့ပြန်မှု ဖြစ်စဉ်တစ်ခုဖြစ်သည်။ ချောင်းဆိုးခြင်းဝေဒနာကို ၄ ပတ်ကြာထိ ခံစားရလျှင် နာတာရှည်ချောင်းဆိုးခြင်းဟု သတ်မှတ်ပါသည်။ အထူးသဖြင့် ကလေးများတွင် ထိုကဲ့သို့ နာတာရှည်ချောင်းဆိုးရောဂါ ခံစားရလျှင် စိုးရိမ်ဖွယ် အကြောင်းရင်းများကြောင့် ဖြစ်နေနိုင်ပါသည်။

ကလေးများတွင် နာတာရှည်ချောင်းဆိုးရောဂါ ဖြစ်စေနိုင်သည့်အကြောင်းရင်း များစွာရှိပါသည်။ မှန်ကန်သောကုသမှုကို ရရှိနိုင်ရေးအတွက် အကြောင်းရင်းကို ရှာဖွေရန် အလွန်အရေးကြီးပါသည်။ အဖြစ်များဆုံးအကြောင်းရင်းများမှာ ကလေးပန်းနာရင်ကျပ်ရောဂါ၊ နှာခေါင်းနောက်ဖက်သို့ နှာရည်စီးခြင်း Postnasal Drip ၊ အစာအိမ်တွင်းရှိ အက်ဆစ်အချဉ်ပြန်သည့် စားချဉ်ပြန်ရောဂါ GERD စသည်တို့ဖြစ်ပါသည်။

ကလေးပန်းနာရင်ကျပ်ရောဂါသည် အသက်ရှူလမ်းကြောင်းတွင် ချွဲများပိတ်ဆို့ခြင်းနှင့် လေပြွန်များရောင်ရမ်းမှုကြောင့် ကျဉ်းသွားပြီး အသက်ရှူမဝ တရွှီရွှီမြည်ပြီး ရင်ကျပ်ခြင်းဖြစ်သည်။ မွေးကင်းစအရွယ်မှစတင် ခံစားရတတ်ပြီး ရောဂါပိုးဝင်ခြင်း၊ ဓာတ်မတည့်ခြင်းတို့ကြောင့် ရင်ကျပ်ခြင်းဝေဒနာနှင့် နာတာရှည်ချောင်းဆိုးခြင်းကို ခံစားရနိုင်ပါသည်။

နှာခေါင်းကို သန့်ရှင်ပေးသည့်စနစ်သည် လေထဲရှိအမှုန်အမွှားများကို နှာခေါင်းထဲရှိ အမွေးနုလေးများမှတစ်ဆင့် သယ်ယူပေးကာ နှာရည်အဖြစ်နှာခေါင်းနောက်မှ လည်ချောင်းထဲစီးကျလေ့ရှိပါတယ်။ ရောဂါပိုးဝင်ရောက်ခြင်း၊ အအေးပတ်ခြင်း၊ ကာလရှည်ယောင်ရမ်းခြင်းကြောင့် နှာရည်ပိုထွက်ပြီး နှာခေါင်းနောက်သို့စီးကာ Postnasal Drip ချောင်းဆိုးလေ့ရှိပါတယ်။ ထို့ကြောင့် Antihistamine ပါဝင်သောဆေးများကိုသောက်ခြင်း၊ နှာခေါင်းကိုဆားရည်၊ နှာခေါင်းသန့်စင်ဆေးရည်တို့ဖြင့်နေ့စဉ်ဆေးပေးခြင်းတို့ဖြင့် သက်သာအောင်ပြုလုပ်နိုင်ပါသည်။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အအေးမိတုပ်ကွေးရောဂါ ကူးစက်ခံရပြီးလျှင်လည်း ဖျားနာကိုက်ခဲခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်းစသည့် လက္ခဏာများ ခံစားရနိုင်သည်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်လည်း ဖျားနာခြင်း၊ ချွဲသလိပ်ထွက် ချောင်းဆိုးခြင်း စသည်တို့ ခံစားရနိုင်သည်။ Respiratory Syncytial Virus (RSV) ဗိုင်းရပ်စ်ပိုးကြောင့်လည်း လေပြွန်ယောင်ပြီး နာတာရှည်ချောင်းဆိုးရောဂါ ခံစားရနိုင်သည်။ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ ပန်းဝတ်မှုန်၊ အမွေးအမျှင်၊ ဖုန်မှုန့်ကဲ့သို့ ဓာတ်မတည့်မှုဖြစ်စေသောပစ္စည်းများနှင့် အရာဝတ္ထုများ အသက်ရှုလမ်းကြောင်းတွင် ပိတ်ဆို့ခြင်းကြောင့်လည်း နာတာရှည် ချောင်းဆိုးနိုင်ပါသည်။

ကူးစက်မြန်အဆုတ်ရောင် Covid-19 ကူးစက်ခံရပြီး ကလေးများတွင် Acute Laryngotracheobronchitis လေပြွန်ရောင်ရမ်းခြင်းကြောင့် နာတာရှည်ချောင်းဆိုးခြင်းကို လက္ခဏာတစ်ခုအနေဖြင့် တွေ့ရနိုင်ပါသည်။ ထိုကဲ့သို့လက္ခဏာရှိသည့် ကလေးများအတွက် Dextromethophin ပါဝင်သော ချောင်းဆိုးပျောက်ဆေးအရည်၊ လေပြွန်ကျဉ်းခြင်း သက်သာစေနိုင်သည့် သောက်ဆေး၊ ရှူဆေးများ Bronchodilator ( Salbutamol Oral or Inhaler ) သို့မဟုတ် စတီးရွိုက်ဆေးများကို ကလေးအထူးကုဆရာဝန်၏ ညွှန်ကြားချက်ဖြင့် အသုံးပြုနိုင်ပါသည်။

ကလေးများတွင် နာတာရှည်ချောင်းဆိုးခြင်းသည် တစ်လကျော်လာလျှင်၊ ချောင်းဆိုးသွေးပါလျှင်၊ နို့မစို့နိုင်ခြင်း၊ ရေအစာမဝင်ခြင်း၊ အဖျားကြီးခြင်း၊ ကလေးမှိန်းခြင်း၊အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောက်ချိုင့်ဝင်ပြီး အသက်ရှူရခက်ခဲခြင်း၊ တရွှီရွှီမြည်ပြီး မောခြင်း၊ နှုတ်ခမ်းနှင့် ခြေလက်များပြာနှမ်းလာခြင်း၊ သတိလစ်ခြင်းကဲ့သို့ အသက်အန္တရာယ်ရှိနိုင်သည့် လက္ခဏာများကို အထူးဂရုပြုပြီး ဆေးရုံ၊ဆေးခန်းသို့ အချိန်မှီသွားရောက် ပြသကုသမှုခံယူရန် လိုအပ်ပါသည်။

Author: Dr. Yee Mon

လူဖတ်အများဆုံး ဆောင်းပါးများ

Common symptoms of gastritis
အထွေထွေရောဂါ

အစာအိမ်ရောင်တဲ့အခါဖြစ်တတ်တဲ့ လက္ခဏာ​များ

မိမိရဲ့အစာအိမ်နဲ့အူလမ်း​ကြောင်းအ​ခြေအ​နေနဲ့ အစာအိမ်​ရောင်ခြင်းလက္ခဏာရပ်​တွေကို ​စောစီးစွာသိရှိထားဖို့လိုပါတယ်။ အစာအိမ်​ရောင်တာကိုသတိမမူမိခဲ့ရင်……….