မိမိခန္ဓာကိုယ်မှ နေ့စဥ်စားသောက်လိုက်တဲ့အစားအစာတွေကနေ ဗီတာမင်၊ သတ္တုဓာတ်နဲ့အာဟာရဓာတ်တွေအဖြစ် ချေဖျက်ပြောင်းလဲနိုင်ဖို့ အစာအိမ်နဲ့အူလမ်းကြောင်းရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။ ဒါကြောင့် မိမိရဲ့အစာအိမ်နဲ့အူလမ်းကြောင်းအခြေအနေနဲ့ အစာအိမ်ရောင်ခြင်းလက္ခဏာရပ်တွေကို စောစီးစွာသိရှိထားဖို့လိုပါတယ်။
အစာအိမ်ရောင်တာကိုသတိမမူမိခဲ့ရင် ပိုပိုဆိုးလာကာ အစာအိမ်အနာဖြစ်လာကာ နောက်ဆုံး အစာအိမ်ကင်ဆာအထိပြောင်းလဲဖြစ်ပေါ်လာနိုင်ပါတယ်။ အစာအိမ်ရောင်ခြင်းဆိုတာဟာ အစာအိမ်နံရံရောင်ရမ်းပျက်စီးသွားခြင်းဖြစ်ပါတယ်။ အစာအိမ်ရောင်ခြင်းကိုဖြစ်ပေါ်စေတဲ့ အကြောင်းအရာ အမျိုးမျိုးရှိပါတယ်။
- အရက်အလွန်အကျွံသောက်သုံးခြင်း
- အပူအစပ်တွေစားလွန်းခြင်း
- ဆေးလိပ်သောက်ခြင်း
- စိတ်ဖိစီးမှုများလွန်းခြင်း
- အကိုက်အခဲပျောက်ဆေးတွေသောက်လွန်းခြင်း
- ရောဂါပိုးဝင်ခြင်း(ဥပမာ- H. Pylori)
- သွေးအားနည်းရောဂါ (ဗီတာမင် B12 ချို့တဲ့ခြင်း)
- ခုခံအားကျဆင်းမှုရောဂါ
- ဝမ်းဗိုက်ကိုထိခိုက်ဒဏ်ရာရခြင်း တို့ဖြစ်ပါတယ်။
အစာအိမ်ရောင်ခြင်း လက္ခဏာများ
(၁) ဗိုက်နာခြင်း
အစာအိမ်ရောင်ပြီဆိုရင် အဖြစ်အများဆုံးလက္ခဏာကတော့ ဗိုက်နာဗိုက်အောင့်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်ရဲ့ အပေါ်ပိုင်းအလယ်တည့်တည့်နားလောက်မှာ အောင့်တတ်ပါတယ်။ စူးပြီးအောင့်တာမျိုးရှိသလို ကိုက်ခဲပြီးအောင့်နေတာမျိုးလည်းရှိတတ်ပါတယ်။ အစာအိမ်ရှိတဲ့နေရာမှာ မကြာခဏဗိုက်အောင့်လေ့ရှိတယိဆိုရင်တော့ အစာအိမ်ရောင်ခြင်းဖြစ်နိုင်တာမို့ သတိထားရပါမယ်။
(၂) ဝမ်းဗိုက်တွင်းပြည့်အင့်နေခြင်း
အစာအိမ်ရောင်ရမ်းနေတဲ့အခါ ဝမ်းဗိုက်အတွင်းပြည့်အင့်ပြီး မသက်မသာဖြစ်နိုင်ပါတယ်။ သာမန်ဆိုလည်း အစားတွေအများကြီးစားပြီးတဲ့နောက်မှာ ဗိုက်ပြည့်အင့်ခြင်းကို ခံစားရတတ်တာမို့ ဒီလက္ခဏာရပ်တစ်ခုထဲနဲ့တော့ အစာအိမ်ရောင်၊ မရောင်ဆုံးဖြတ်ဖို့ ခက်ခဲနိုင်ပါတယ်။
(၃) ပျို့ခြင်း
အစာအိမ်ရောင်နေတဲ့အခါ အစာစားပြီးလို့ပဲဖြစ်ဖြစ်၊ အစာမရှိပဲဖြစ်ဖြစ် အချိန်တိုင်း အမြဲလိုလိုပျို့ပြီးအန်ချင်သလို ခံစားနေရတတ်ပါတယ်။
(၄) အန်ခြင်း
အစားတွေအများကြီးစားပြီးနောက်မှာ အမြဲအန်နေတာမျိုးဖြစ်တတ်ပါတယ်။ ဒါဟာလည်း သာမန်ဆိုလည်းဖြစ်နေကျဘဲမို့ အစာအိမ်ရောင်နေမှန်း သတိမပြုမိကြပါဘူး။ အအန်ပျောက်ဆေးတွေသောက်မယ်ဆိုရင် ရောင်ရမ်းနေတဲ့အစာအိမ်ကို ပိုဆွသလိုဖြစ်တာကြောင့် သတိထားဖို့လိုပါတယ်။
(၅) အစာစားချင်စိတ်မရှိခြင်း
အစာအိမ်ရောင်ရမ်းနေသူတွေဟာ အစားစားချင်စိတ်လျော့နည်းနေတတ်ပါတယ်။ အစာစားလိုက်တဲ့အခါ ရောင်ရမ်းနေတဲ့အစာအိမ်ကိုဝန်ပိုစေတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မသဘောအရ အစာစားချင်စိတ်လျော့နည်းအောင် တုံ့ပြန်ထားခြင်းဖြစ်ပါတယ်။
(၆) ဝမ်းပုံမှန်မဟုတ်ခြင်း
အစာအိမ်ရောင်ခြင်းဆိုးရွားပြင်းထန်လာတဲ့အခါ အစာအိမ်အနာဖြစ်လာတတ်ပါတယ်။ အစာအိမ်အနာဖြစ်ရင် ဝမ်းမည်းမည်းသွားတာ၊ ကတ္တရားစေးလို ဝမ်းတွေသွားတာမျိုးဖြစ်ပေါ်တတ်ပါတယ်။ ဒါဟာ အစာအိမ်အတွင်းသွေးထွက်နေပြီဆိုတာကို ဖော်ပြပါတယ်။ ဒီလို ဝမ်းမည်းမည်းတွေသွားနေပြီဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသရမှာဖြစ်ပါတယ်။
(၇) လေချဥ်တက်ခြင်း
အစာအိမ်ရောင်နေတဲ့သူတွေဟာ မကြာခဏကျယ်လောင်စွာလေချဥ်တက်လေ့ရှိပါတယ်။ အထူးသဖြင့် အစာစားပြီးနောက်မှာ လေချဥ်ပိုတက်လေ့ရှိပါတယ်။ သာမန်ဗိုက်အောင့်တာမျိုးဆို လေချဥ်တက်လိုက်ရင် သက်သာသွားလေ့ရှိပေမဲ့ အစာအိမ်ရောင်လို့ ဗိုက်အောင့်တာမျိုးဆိုရင်တော့ လေချဥ်တက်တာနဲ့ မသက်သာတတ်ပါဘူး။
(၈) ရင်ပူခြင်း
အစာအိမ်ရောင်နေတဲ့အခါ ရင်ပူခြင်းသို့မဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းအတွင်းမှာ ပူလောင်နေတာမျိုးခံစားရတတ်ပါတယ်။ အစာအိမ်အတွင်းပိုလျှံနေတဲ့ အက်စစ်တွေဟာ ရင်ပူခြင်းကိုဖြစ်ပေါ်စေပါတယ်။
(၉) ဝမ်းလျှောခြင်း
အစာအိမ်နံရံတွေ ရောင်ရမ်းပြီး ထိလွယ်ရှလွယ်ဖြစ်နေတဲ့အခါ အစာအိမ်ရဲ့အစာခြေစွမ်းရည်ကျဆင်းလာပါတယ်။ ပြင်းထန်တဲ့ အစာအိမ်ရောင်ခြင်းမျိုးမှာဆိုရင် အစာခြေစနစ်တစ်ခုလုံးကို ထိခိုက်စေကာ အစာမခြေဖျက်နိုင်တော့ဘဲ ဝမ်းလျှောခြင်းဖြစ်ပေါ်စေပါတယ်။
(၁၀) ကိုယ်အလေးချိန်ကျဆင်းခြင်း
အစာအိမ်ရောင်ရမ်းနေတဲ့အခါ အစားစားချင်စိတ်လျော့နည်းတာနဲ့ အစာခြေဖျက်နိုင်မှုစနစ်မကောင်းတာကြောင့် ကိုယ်အလေးချိန် ကျဆင်းလာရတတ်ပါတယ်။
အထက်ပါလက္ခဏာတွေတော်တော်များများကို ခံစားနေရပြီဆိုရင်တော့ အစာအိမ်ရောင်ခြင်းဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။ စောစီးစွာသတိထားမိမယ်ဆိုရင် ကုသဖို့ကလည်း လွယ်ကူပါတယ်။ အစာအိမ်ရောင်ခြင်းဖြစ်စေတဲ့အကြောင်းအရာပေါ်မူတည်ပြီး ရှာဖွေကုသရမှာဖြစ်ပါတယ်။ H. Pylori လို့ခေါ်တဲ့ ဗက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့အစာအိမ်ရောင်ခြင်းမျိုးဆိုရင်တော့ သင့်တော်တဲ့ပိုးသတ်ဆေးကို ဆရာဝန်ညွှန်းတဲ့အတိုင်း ဆေးပတ်လည်အောင်သောက်သုံးပေးရမှာဖြစ်ပါတယ်။
Author: Dr. Aye Myat