တီဘီရောဂါ Tubercle Bacillus (TB) ရောဂါဟာ မိုက်ကိုဘက်တီးရီးယား ရောဂါပိုးအမျိုးမျိုးတို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး သာမန်နှင့် ရံဖန်ရံခါ သေစေလောက်သည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ လူတို့တွင် မိုက်ကိုဘက်တီးရီးယမ်း ကျူဘာကလို့ဆစ် (Mycobacterium tuberculosis) ရောဂါပိုးကြောင့် ဖြစ်ရသည်။ တီဘီရောဂါသည် များသောအားဖြင့် အဆုတ်ကို ထိခိုက်စေသော်လည်း အခြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ရောဂါရှိသူ ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် တံတွေးထွေးခြင်း ပြုလုပ်သည့်အခါ ရောဂါပိုးသည် လေထဲမှတဆင့် ပျံ့လွင့်သွားပါတယ်။ လူတွင် ရောဂါပိုးကူးစက်သည့်အခါ ရောဂါ လက္ခဏာမပြဘဲ ငုပ်နေတတ်ပြီး ၎င်း ရောဂါပိုးငုပ်နေသူ ဆယ်ယောက်တွင် တစ်ယောက်သာ တီဘီရောဂါ ဖြစ်ပွားလာနိုင်ပါတယ်။ အကယ်၍ ရောဂါထသည်ကို မကုသဘဲ နေမည်ဆိုပါက ရောဂါဖြစ်သူ ၅၀% ထက်ပို၍ သေစေနိုင်ပါတယ်။
တီဘီရောဂါ၏ အထင်ကရလက္ခဏာများမှာ နာတာရှည်ချောင်းဆိုးပြီး သလိပ်တွင်သွေးပါခြင်း၊ ဖျားခြင်း၊ အစားအသောက် ပျက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ညအချိန်ချွေးထွက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်သည်။ အခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ ရောဂါကူးစက်လျှင် မြောက်မြားစွာသော ရောဂါလက္ခဏာများဖြစ်ပေါ်လာပါတယ်။
ရောဂါရှာဖွေစစ်ဆေးခြင်းသည် ရေဒီယိုရောင်ခြည်နည်းပညာ (သာမန်အားဖြင့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း)၊ အရေပြားအောက်သို့ ကျူဘာကူလင် ထိုး၍စမ်းသပ်ခြင်း၊ သွေးစစ်ဆေးခြင်းများတို့ အပေါ်မူတည်နေပါတယ်။ ထိုနည်းတူစွာ အဏုဇီဝမှန်ဘီလူးဖြင့် စစ်ဆေးခြင်းနှင့် ခန္ဓာကိုယ်မှထွက်သောအရည်များကို ရောဂါပိုးမွေးခြင်း တို့အပေါ်တွင်လည်း မူတည်ပါတယ်။ ကုသရာတွင် ခက်ခဲပြီး အချိန်ကြာမြင့်စွာ ပဋိဇီဝဆေးများစွာ တိုက်ကျွေးရန် လိုအပ်ပါတယ်။ ရောဂါရှိသူနှင့် ထိတွေ့ထားသူသည် ဆေးစစ်ရန်နှင့် အကယ်၍ လိုအပ်ပါက ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ရောဂါကာကွယ်ခြင်းသည် ကြိုတင်ဆေးစစ်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတို့ အပေါ်တွင် မူတည်ပါတယ်။ အထူးသဖြင့် အသုံးများသည်မှာ bacillus Calmette-Guérin ဟုခေါ်သော ကာကွယ်ဆေးဖြစ်သည်။
ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် တီဘီရောဂါကူးစက်ခံရသည်ဟု သုံးသပ်ထားပြီး တစ်စက္ကန့်တိုင်းတွင် ရောဂါကူးစက်ခံရသူ အသစ်တစ် ယောက်နှုန်း ထွက်ပေါ်နေပါတယ်။ ၂၀၀၇ ခုနှစ်တွင် တစ်ကမ္ဘာလုံးတွင် နာတာရှည်ရောဂါဖြစ်ပွားနေသူ ၁၃.၇ သန်းရှိသည်ဟု ခန့်မှန်းထားပြီး ၂၀၁၃ ခုနှစ်တွင် ရောဂါအသစ်ဖြစ်ပွားသူ ၉ သန်းခန့် ရှိသည်ဟု ခန့်မှန်းထားပါတယ်။ ၂၀၁၃ ခုနှစ်အတွင်း တီဘီရောဂါကြောင့် ၁.၃ သန်းမှ ၁.၅ သန်းခန့် သေဆုံးခဲ့ပြီး အများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြပါတယ်။ ထို့အတူ ဖွံ့ဖြိုးပြီး နိုင်ငံများမှ လူအများတွင် ခုခံအားကျဆင်းစေသည့် ဆေးများသုံးစွဲခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း သို့မဟုတ် အေအိုင်ဒီအက်စ် တို့ကြောင့် ၎င်းတို့၏ ခုခံအားစနစ်ကျဆင်းလာပြီး တီဘီရောဂါ ရရှိလာကြပါတယ်။ တီဘီရောဂါ ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံးတွင် တစ်ပုံစံတည်း မဟုတ်ပါ။ ကျူဘာကူလင် စစ်ဆေးခြင်းဖြင့် တီဘီရောဂါ စစ်ဆေးရာတွင် အာရှတိုက်နှင့် အာဖရိကတိုက်ရှိနိုင်ငံများတွင် ၈၀% ရောဂါရှိပြီး အမေရိကန်နိုင်ငံတွင် လူဦးရေ၏ ၅-၁၀% သာ ရောဂါရှိပါတယ်။