တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါဆိုတာဘာလဲ
Share on facebook
Facebook
Share on telegram
Telegram

တုပ်ကွေးရောဂါဆိုတာ လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၍ဖြစ်စေ၊ ချောင်းဆိုး၍ဖြစ်စေ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်လွယ်သော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တုပ်ကွေးရောဂါပိုးများကို အေ၊ ဘီ (သို့မဟုတ်) စီ ဟု အမျိုးအစား ခွဲခြားသတ်မှတ်လေ့ရှိပြီး အေ ဗိုင်းရပ်စ်ပိုးသည် ဘဲများ၊ ကြက်များ၊ ဝက်များ၊ ဝေလငါးများနှင့် လူသားများကို ကူးစက်နိုင်ပြီး အန္တရာယ်အရှိဆုံး ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ ၎င်းတို့ကို ပရိုတင်း အမျိုးအစားများအရ ခွဲခြားသတ်မှတ်ထားပါတယ်။

 

တုပ်ကွေးရောဂါသည် တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ရသည်။ အထူးသဖြင့် ရာသီဥတု အကူးအပြောင်းများတွင် တုပ်ကွေး ဖြစ်တတ်ကြသည်။ လူ့ကိုယ်ခန္ဓာထဲသို့ တုပ်ကွေးပိုး ဝင်လာလျှင် ဝင်လာသော​​​​​ ပိုးကို ကာကွယ်နိုင်သော ခုခံအားမရှိလျှင် တုပ်ကွေးရောဂါ ခံစားရပေမည်။ တုပ်ကွေးပိုးသည် ဗိုင်းရပ်စ်ပိုးဖြစ်၍ ပိုးကို သတ်နိုင်သော ဆေး သေသေချာချာ မရှိတတ်ပါ။ အဓိကအားဖြင့် လူ့ကိုယ်ခန္ဓာထဲ၌ ရှိသော ခုခံစနစ်နှင့် ပြန်လည် တိုက်ထုတ်ရသည်။

 

တုပ်ကွေးရောဂါ ဖြစ်စေနိုင်သော ပိုး မျိုးကွဲပေါင်း များစွာရှိသည်။ လူကို ဖြစ်စေနိုင်သော ပိုးများရှိသကဲ့သို့၊ တိရစ္ဆာန်များတွင် ဖြစ်စေနိုင်သော ပိုးများလည်း ရှိသည်။ ပုံမှန်အားဖြင့် တိရစ္ဆာန်များတွင် ဖြစ်စေနိုင်သော ပိုးများမှာ လူကို မကူးနိုင်ပါ။ အကယ်၍ ကူးသွားလျှင် လူတွင် ရောဂါ မဖြစ်စေနိုင်ပါ။ သို့သော် တိရစ္ဆာန်များတွင် ဖြစ်စေနိုင်သော ပိုးများမှာ အသွင်ပြောင်း အစွမ်းထက် လာပြီး ပုံစံ၊ ဖွဲ့စည်းပုံ ပြောင်းသွားလျှင် လူကို ရောဂါကူးလာနိုင်သည်။ တုပ်ကွေးကြောင့် နှစ်စဉ် လူဦးရေ ၂၉၀၀၀၀ မှ ၆၅၀၀၀၀ ကြား သေဆုံးရသည်။

 

ကြက်တုပ်ကွေးဆိုလျှင် ကြက်၊ ငှက်များတွင် အဓိက ဖြစ်တတ်ပြီး ထိုမှတဆင့် လူဆီသို့ မကူးစက်ရန် ကာကွယ်ခဲ့ကြရပါတယ်။ ဝက်တုပ်ကွေးရောဂါသည်လည်း ဝက်များတွင် အဓိက ဖြစ်တတ်ပြီး ပုံမှန်အားဖြင့် လူဆီသို့ ကူးလေ့ကူးထ မရှိပါ။ ယခုအခါ ထိုပိုးသည် လူဆီသို့ ကူးစက်ရောက်ရှိနေပြီး လူတစ်ယောက်မှ အခြားတစ်ယောက်ကို ထပ်ဆင့် ကူးစက်စေနိုင်သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

ပရိုတင်း haemagglutinin ပါသော ဗိုင်းရပ်စ်ကို HA ဟူ၍လည်းကောင်း၊ ပရိုတင်း neura-minidase ပါသော ဗိုင်းရပ်စ်ကို NA ဟူ၍ ၎င်း အတိုကောက် သင်္ကေတများနှင့် သတ်မှတ်ခွဲခြားထားပါတယ်။ သိပ္ပံပညာရှင်များက HAA အမျိုးအစားမှ အမျိုးအစားခွဲပေါင်း (၁၆)မျိုးနှင့် NA မှ အမျိုးအစားခွဲပေါင်း (၉)မျိုး ဖော်ထုတ်တွေ့ရှိခဲ့ပြီးပါပြီ။ ထို့ကြောင့် အေ ဗိုင်းရပ်စ်ပိုးမှ တွဲစပ်၍ရသော အမျိုးအစားပေါင်းမှာ ၁၆ x ၉ = (၁၄၄) မျိုး ဖြစ်နိုင်ပါသည်။

 

တုပ်ကွေး ရောဂါသည် ကမ္ဘာပေါ်၌ ဆောင်းရာသီသို့ ရောက်ရှိသည့်အခါတိုင်း ပေါ်ပေါက်လာလေ့ရှိပြီး နှစ်စဉ်နှစ်တိုင်း တုပ်ကွေးရောဂါပိုးသည် တဖြည်းဖြည်းနှင့် သန္ဓေပြောင်းလဲသွားလေ့ရှိသည်။ ရောဂါ လက္ခဏာများ အနေနဲ့ နှာစီးခြင်း၊ လည်ချောင်းနာခြင်း၊ ဝမ်းလျှောခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ အော့အန်ခြင်း၊ ပျို့ခြင်း၊ နုံးချိခြင်း၊ အစားအသောက်ပျက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

 

အချို့သောနှစ်များမှ တုပ်ကွေးရောဂါပိုး အမျိုးအစားများသည် အခြားနှစ်များမှ တုပ်ကွေးရောဂါပိုး အမျိုးအစားများထက် ပို၍ ဒုက္ခပေးလေ့ရှိပါတယ်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် တုပ်ကွေးရောဂါပိုး ကူးစက်ခံရသည့် အရေအတွက်မှာလည်း လူဦးရေ၏ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကွဲပြားလေ့ရှိကာ တုပ်ကွေးရောဂါကြောင့် အသက်အရွယ်ကြီးရင့်သူများနှင့်နာတာရှည်ရောဂါသည်များ သေဆုံးကြရသည်။ နှစ်စဉ် ကမ္ဘာတစ်ဝန်းလုံး၌ တုပ်ကွေးရောဂါကြောင့် လူဦးရေ တစ်သန်းခန့် သေဆုံးနေကြရသည်။ ကျန်းမာရေး ကောင်းသူများနှင့် ပြည့်စုံသူများအဖို့မူ ရာသီအလိုက် ဖြစ်ပေါ်လာသော တုပ်ကွေး ရောဂါကြောင့် အသက်အန္တရာယ်ကို စိုးရိမ်ဖွယ်မရှိပါ။ ထိုတုပ်ကွေးသည် ယခင် တွေ့ကြုံဖူးခဲ့သော တုပ်ကွေးများနှင့် အနည်းငယ်မျှသာ ကွဲပြားခြားနားသည်ဖြစ်၍ ရောဂါကို အတန်ငယ်ခံနိုင်ရည် ရှိနေပြီဖြစ်သည်။

 

သို့ရာတွင် မကြာခဏဆိုသလို အလွန်ဆန်းသစ်သော အေ အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုး ပေါ်ထွက်လာတတ်ပါတယ်။ ထိုသို့ ဖြစ်ပေါ်မှုကို ပဋိပစ္စည်းပြောင်းလဲသွားမှု (antigenic shift) ဟု ခေါ်ဝေါ်သတ်မှတ်ပါသည်။ ကူးစက်ရောဂါ ဖြစ်ပွားခြင်း (epidemic) ဆိုသည်မှာ လူအများအပြားအား ကူးစက်နိုင်သည့်ရောဂါ ရုတ်တရက် ဖြစ်ပွားလာခြင်းဖြစ်ပြီး ကပ်ဆိုက်သည် (pandemic) ဆိုသည်မှာ အဆိုပါ ကူးစက်ရောဂါသည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားခြင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

 

၂ဝ ရာစုနှစ်အတွင်းက တုပ်ကွေးရောဂါ ကပ်ဆိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ၁၉၁၈ ခုနှစ်၊ ၁၉၅၇ ခုနှစ်နှင့် ၁၉၆၈ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၉၁၈ ခုနှစ်က ဖြစ်ပွားသော တုပ်ကွေးသည်အဆိုးရွားဆုံးဖြစ်ကာ တစ်ကမ္ဘာလုံးတွင် လူပေါင်း သန်း ၅ဝကျော် အသက် ဆုံးရှုံးခဲ့ရပါတယ်။

လူဖတ်အများဆုံး ဆောင်းပါးများ

တုပ်ကွေးရောဂါဆိုတာဘာလဲ
ကျန်းမာရေး ဆောင်းပါးများ

တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါဆိုတာ လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၍ဖြစ်စေ၊ ချောင်းဆိုး၍ဖြစ်စေ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်လွယ်သော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ………

Health News

ကလေးများကို ချောင်းဆိုးခြင်းဝေဒနာမဖြစ်ပေါ်စေရန် ကာကွယ်နိုင်မည့်နည်းလမ်းများ

ချောင်းဆိုးခြင်းသည် အပြင်ဘက်မှအရာများ ဝင်ရောက်ခြင်းကို ခန္ဓာကိုယ်မှ ပုံမှန်တုံ့ပြန်ခြင်း ဖြစ်သည်။