ကလေးတွေမှာဖြစ်တတ်တဲ့ နာတာရှည်ချောင်းဆိုးရောဂါ

A common chronic cough in children
Share on facebook
Facebook
Share on telegram
Telegram

ချောင်းဆိုးခြင်းသည် အသက်ရှုလမ်းကြောင်းတွင်းသို့ ရောဂါပိုးမွှားများမဝင်ရောက်အောင် ပြင်ပမှဝင်လာသော အရာဝတ္ထုနှင့် အညစ်အကြေးချွဲများကို ဖယ်ရှားပေးသည့် ခန္ဓာကိုယ်၏ ဇီဝကမ္မတုံ့ပြန်မှု ဖြစ်စဉ်တစ်ခုဖြစ်သည်။ ချောင်းဆိုးခြင်းဝေဒနာကို ၄ ပတ်ကြာထိ ခံစားရလျှင် နာတာရှည်ချောင်းဆိုးခြင်းဟု သတ်မှတ်ပါသည်။ အထူးသဖြင့် ကလေးများတွင် ထိုကဲ့သို့ နာတာရှည်ချောင်းဆိုးရောဂါ ခံစားရလျှင် စိုးရိမ်ဖွယ် အကြောင်းရင်းများကြောင့် ဖြစ်နေနိုင်ပါသည်။

ကလေးများတွင် နာတာရှည်ချောင်းဆိုးရောဂါ ဖြစ်စေနိုင်သည့်အကြောင်းရင်း များစွာရှိပါသည်။ မှန်ကန်သောကုသမှုကို ရရှိနိုင်ရေးအတွက် အကြောင်းရင်းကို ရှာဖွေရန် အလွန်အရေးကြီးပါသည်။ အဖြစ်များဆုံးအကြောင်းရင်းများမှာ ကလေးပန်းနာရင်ကျပ်ရောဂါ၊ နှာခေါင်းနောက်ဖက်သို့ နှာရည်စီးခြင်း Postnasal Drip ၊ အစာအိမ်တွင်းရှိ အက်ဆစ်အချဉ်ပြန်သည့် စားချဉ်ပြန်ရောဂါ GERD စသည်တို့ဖြစ်ပါသည်။

ကလေးပန်းနာရင်ကျပ်ရောဂါသည် အသက်ရှူလမ်းကြောင်းတွင် ချွဲများပိတ်ဆို့ခြင်းနှင့် လေပြွန်များရောင်ရမ်းမှုကြောင့် ကျဉ်းသွားပြီး အသက်ရှူမဝ တရွှီရွှီမြည်ပြီး ရင်ကျပ်ခြင်းဖြစ်သည်။ မွေးကင်းစအရွယ်မှစတင် ခံစားရတတ်ပြီး ရောဂါပိုးဝင်ခြင်း၊ ဓာတ်မတည့်ခြင်းတို့ကြောင့် ရင်ကျပ်ခြင်းဝေဒနာနှင့် နာတာရှည်ချောင်းဆိုးခြင်းကို ခံစားရနိုင်ပါသည်။

နှာခေါင်းကို သန့်ရှင်ပေးသည့်စနစ်သည် လေထဲရှိအမှုန်အမွှားများကို နှာခေါင်းထဲရှိ အမွေးနုလေးများမှတစ်ဆင့် သယ်ယူပေးကာ နှာရည်အဖြစ်နှာခေါင်းနောက်မှ လည်ချောင်းထဲစီးကျလေ့ရှိပါတယ်။ ရောဂါပိုးဝင်ရောက်ခြင်း၊ အအေးပတ်ခြင်း၊ ကာလရှည်ယောင်ရမ်းခြင်းကြောင့် နှာရည်ပိုထွက်ပြီး နှာခေါင်းနောက်သို့စီးကာ Postnasal Drip ချောင်းဆိုးလေ့ရှိပါတယ်။ ထို့ကြောင့် Antihistamine ပါဝင်သောဆေးများကိုသောက်ခြင်း၊ နှာခေါင်းကိုဆားရည်၊ နှာခေါင်းသန့်စင်ဆေးရည်တို့ဖြင့်နေ့စဉ်ဆေးပေးခြင်းတို့ဖြင့် သက်သာအောင်ပြုလုပ်နိုင်ပါသည်။

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အအေးမိတုပ်ကွေးရောဂါ ကူးစက်ခံရပြီးလျှင်လည်း ဖျားနာကိုက်ခဲခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်းစသည့် လက္ခဏာများ ခံစားရနိုင်သည်။ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်လည်း ဖျားနာခြင်း၊ ချွဲသလိပ်ထွက် ချောင်းဆိုးခြင်း စသည်တို့ ခံစားရနိုင်သည်။ Respiratory Syncytial Virus (RSV) ဗိုင်းရပ်စ်ပိုးကြောင့်လည်း လေပြွန်ယောင်ပြီး နာတာရှည်ချောင်းဆိုးရောဂါ ခံစားရနိုင်သည်။ ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ ပန်းဝတ်မှုန်၊ အမွေးအမျှင်၊ ဖုန်မှုန့်ကဲ့သို့ ဓာတ်မတည့်မှုဖြစ်စေသောပစ္စည်းများနှင့် အရာဝတ္ထုများ အသက်ရှုလမ်းကြောင်းတွင် ပိတ်ဆို့ခြင်းကြောင့်လည်း နာတာရှည် ချောင်းဆိုးနိုင်ပါသည်။

ကူးစက်မြန်အဆုတ်ရောင် Covid-19 ကူးစက်ခံရပြီး ကလေးများတွင် Acute Laryngotracheobronchitis လေပြွန်ရောင်ရမ်းခြင်းကြောင့် နာတာရှည်ချောင်းဆိုးခြင်းကို လက္ခဏာတစ်ခုအနေဖြင့် တွေ့ရနိုင်ပါသည်။ ထိုကဲ့သို့လက္ခဏာရှိသည့် ကလေးများအတွက် Dextromethophin ပါဝင်သော ချောင်းဆိုးပျောက်ဆေးအရည်၊ လေပြွန်ကျဉ်းခြင်း သက်သာစေနိုင်သည့် သောက်ဆေး၊ ရှူဆေးများ Bronchodilator ( Salbutamol Oral or Inhaler ) သို့မဟုတ် စတီးရွိုက်ဆေးများကို ကလေးအထူးကုဆရာဝန်၏ ညွှန်ကြားချက်ဖြင့် အသုံးပြုနိုင်ပါသည်။

ကလေးများတွင် နာတာရှည်ချောင်းဆိုးခြင်းသည် တစ်လကျော်လာလျှင်၊ ချောင်းဆိုးသွေးပါလျှင်၊ နို့မစို့နိုင်ခြင်း၊ ရေအစာမဝင်ခြင်း၊ အဖျားကြီးခြင်း၊ ကလေးမှိန်းခြင်း၊အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောက်ချိုင့်ဝင်ပြီး အသက်ရှူရခက်ခဲခြင်း၊ တရွှီရွှီမြည်ပြီး မောခြင်း၊ နှုတ်ခမ်းနှင့် ခြေလက်များပြာနှမ်းလာခြင်း၊ သတိလစ်ခြင်းကဲ့သို့ အသက်အန္တရာယ်ရှိနိုင်သည့် လက္ခဏာများကို အထူးဂရုပြုပြီး ဆေးရုံ၊ဆေးခန်းသို့ အချိန်မှီသွားရောက် ပြသကုသမှုခံယူရန် လိုအပ်ပါသည်။

Author: Dr. Yee Mon

လူဖတ်အများဆုံး ဆောင်းပါးများ

တုပ်ကွေးရောဂါဆိုတာဘာလဲ
ကျန်းမာရေး ဆောင်းပါးများ

တုပ်ကွေးရောဂါ

တုပ်ကွေးရောဂါဆိုတာ လူတစ်ဦးမှ တစ်ဦးသို့ နှာချေ၍ဖြစ်စေ၊ ချောင်းဆိုး၍ဖြစ်စေ လေထဲမှတစ်ဆင့် လျင်မြန်စွာ ကူးစက်လွယ်သော၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ………

Healthy Eating

အမာရွတ်၊ အမဲစက်တွေသက်သာပျောက်ကင်းစေဖို့

အမာရွတ်ကင်းစင်ခြင်းသည် လှပသော အသားအရေကို ပိုင်ဆိုင်နိုင်ရန်အတွက် လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ ဝက်ခြံပေါက်ခြင်းကဲ့သို့သော အကြောင်းများကြောင့် အရေပြားပေါ်တွင် အမာရွတ်များသည် ကျန်ရှိခဲ့ကြလေ့ ရှိပါသည်။ အမာရွတ်တို့၏ သဘာဝအရ သက်သာ ပျောက်ကင်းရန်အတွက် အချိန်များစွာ ယူလေ့ရှိပါသည်။ သို့သော် အမာရွတ်များကို အမြန်ဆုံး ပျောက်ကင်းသက်သာစေရန်အတွက် အထောက်အကူပေးနိုင်သော နည်းလမ်းများလည်း ရှိပါသည်။ အောက်တွင် ဖော်ပြမည့် နည်းလမ်းများသည် အမာရွတ်များ သက်သာပျောက်ကင်းစေရန်အတွက် များစွာ အကူအညီပေးနိုင်သော နည်းလမ်းများ ဖြစ်ကြပါသည်။ ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်သည် အမာရွတ်များကို ပျောက်အောင် ပြုလုပ်ရန်အတွက် အလွန်အားကိုးရသော ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ ရှားစောင်းလက်ပပ်အပင်၏ အနှစ်ကို ခြစ်ယူ၍သော်လည်းကောင်း၊ အလှကုန်ပစ္စည်းအဖြစ် ရောင်းချသော အနှစ်ထုတ်ပြီးသား ရှားစောင်းလက်ပပ်များကို ဝယ်ယူ၍သော်လည်းကောင်း အရေပြားပေါ်တွင် လိမ်းပေးနိုင်ပါသည်။ ရှားစောင်းလက်ပပ်ကို အရေပြားပေါ်တွင် လိမ်းပြီးနောက် အချိန်ခဏကြာသည့်တိုင်အောင် စက်ဝိုင်းပုံစံအတိုင်း ဖြည်းညင်းစွာ ပွတ်သပ်နှိပ်နယ်ပေးနိုင်ပါသည်။ ထို့နောက် နာရီဝက်ခန့်ကြာအောင် ထားပြီးနောက် ရေအေးဖြင့် ဆေးကြောပေးသင့်ပါသည်။ တစ်နေ့လျှင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ၂ ကြိမ် ပြုလုပ်ပေးသင့်ပါသည်။ သခွားသီး သခွားသီးတွင် ဓာတ်တိုးခြင်းကို ဆန့်ကျင်နိုင်သော ဂုဏ်သတ္တိနှင့် ရောင်ရမ်းခြင်းကို သက်သာစေနိုင်သော အစွမ်းသတ္တိများရှိပါသည်။ ထို့ပြင် အမာရွတ်များကို သက်သာပျောက်ကင်း စေနိုင်သော အစွမ်းသတ္တိလည်း ရှိပါသည်။ အသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါသည်။ သခွားသီးကို အကွင်းလိုက်လှီးကာ အမာရွတ်ပေါ်တွင် ကပ်ပေးခြင်းအားဖြင့်လည်းကောင်း၊ သခွားသီးဖြင့် ထုတ်လုပ်ထားသော ရေဓါတ်ဖြည့် Moisturizer များကို လိမ်းပေးခြင်းအားဖြင့်လည်းကောင်း အမာရွတ်များကို သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်ပါသည်။ Vitamin E Vitamin E သည် ဆံသားအတွက် ကောင်းမွန်ရုံသာမက အရေပြားအတွက်လည်း ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါသည်။ အထူးသဖြင့် အမာရွတ်များကို သက်သာပျောက်ကင်းစေနိုင်သော အစွမ်းသတ္တိရှိပါသည်။ Vitamin E ဆေးတောင့်ကို ဖောက်ကာ ဆေးတောင့်ထဲမှ ထွက်လာသော အဆီများကို အရေပြားအမာရွတ်ပေါ်တွင် လိမ်းကျံပေးနိုင်ပါသည်။ အသားထဲသို့စိမ့်ဝင်အောင် လက်ဖြင့် ငြင်သာစွာ ပွတ်သပ်နှိပ်နယ်ပေးပါ။ တစ်နေ့လျှင် သုံး၊ လေး၊ ငါးကြိမ်အထိ ပြုလုပ်ပေးနိုင်ပါသည်။ ပျားရည် ပျားရည်သည် ခွန်အားကို ပြည့်စေ၊ ကိုယ်ခံအားကို တိုးတက်စေရုံသာမက အရေပြားကိုလည်း ကောင်းကျိုးများကို ပေးစွမ်းနိုင်ပါသည်။ အရေပြားပေါ်တွင်ရှိသော အမာရွတ်များကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။ ပျားရည်ကို အမာရွတ်ပေါ်တွင် လိမ်းပေးပြီး တစ်နာရီခန့်ထားကာ ရေအေးအေးဖြင့် ဆေးပေးနိုင်ပါသည်။ အကယ်၍ အိပ်ရာ၊ ခေါင်းအုံးစသည်တို့ ပေကျံခြင်းမရှိအောင် စီစဉ်ထားရှိနိုင်ပါက ပျားရည်ကို လိမ်းပြီးနောက် တစ်ညတာထားရှိကာ မနက်ရောက်မှသာ ဆေးကြောပေးသင့်ပါသည်။ အုန်းဆီ အုန်းဆီသည်လည်း အမာရွတ်များကို သက်သာစေသည့် နောက်ထပ် သဘာဝပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ အုန်းဆီကို ဆံကေသာအား ကောင်းကျိုးပြုသော သဘာဝပစ္စည်းတစ်ခုအဖြစ် လူသိများကြသော်လည်း အမာရွတ်များကိုလည်း ပျောက်ကင်းသက်သာစေနိုင်သည်ကိုမူ သိသူနည်းလှပါသည်။ အုန်းဆီကို အမာရွတ်ပေါ်တွင် လိမ်းကျံကာ လက်ဖြင့် စက်ဝိုင်းပုံအတိုင်း ငြင်သာစွာ ၁၀ မိနစ်ခန့် ပွတ်ပြီးနောက် နာရီဝက်ခန့်ထားကာ ရေအေးအေးဖြင့် ဆေးကြောပေးနိုင်ပါသည်။ တစ်နေ့လျှင် အနည်းဆုံး ၁ ခါ ပြုလုပ်ပေးသင့်ပါသည်။ သံပရာရည် သံပုရာရည်သည်လည်း အမာရွတ်များကို ပျောက်ကင်းသက်သာစေသည့် ဆေးကောင်းတစ်လက် ဖြစ်ပါသည်။ သံပုရာရည်တွင် ပါဝင်သော အက်ဆစ်ဓာတ်ကြောင့် အမာရွတ်ပေါ်တွင်ရှိသော ဆဲလ်သေများကို ဖယ်ရှားရှင်းလင်းနိုင်ပြီး အမာရွတ်များကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ သံပရာရည်ကို ဖန်ခွက်တစ်ခုအတွင်းသို့ ညှစ်ထည့်ပြီး အဝတ်သန့်သန့်တစ်ခုဖြင့် ဆွတ်ကာ အမာရွတ်ပေါ်တွင် လိမ်းကျံနိုင်ပါသည်။ မိနစ်အနည်းငယ်ထားပြီးနောက် ရေဖြင့် ဆေးကြောနိုင်ပါသည်။ ပန်းသီးရှာလကာရည် (Apple Cider Vinegar) ပန်းသီး ရှာလကာရည်သည်လည်း အမာရွတ်များကို ပျောက်ကင်းစေနိုင်သည့် အစွမ်းသတ္တိရှိပါသည်။ ထို့ပြင် ဗက်တီးရီးယားပိုးများကို သေစေနိုင်သည့် အစွမ်းသတ္တိလည်း ရှိသောကြောင့် ဝက်ခြံများကိုလည်း ရောင်ရမ်းနာကျင်ခြင်းမှ သက်သာစေနိုင်ပါသည်။ ပန်းသီး ရှာလကာရည်ကို အသုံးပြုသောအခါ ရေနှင့် ရောစပ်ပြီး အသုံးပြုသင့်ပါသည်။ ပန်းသီး ရှာလကာရည် တစ်ဆ၊ ရေ လေးဆ ရောစပ်ထားသော အရည်ကို ဂွမ်းလုံး သို့မဟုတ် သန့်ရှင်းသော အဝတ်စဖြင့် တို့ပြီးလျှင် အမာရွတ် သို့မဟုတ် ဝက်ခြံပေါ်တွင် လိမ်းကျံပေးနိုင်ပါသည်။ နာရီဝက်ခန့် ထားပြီးနောက် ရေအေးအေးဖြင့် ဆေးကြောပေးနိုင်ပါသည်။ ရေများများ သောက်ပါ ရေဓာတ်သည် အသားအရေ၏ မိတ်ဆွေဖြစ်ပါသည်။ ကျန်းမာသော အရေပြားနှင့် အသားအရေဟု သတ်မှတ်ရန်အတွက် ရေဓာတ်ပြည့်ဝနေရန် လိုအပ်ပါသည်။ ထို့ပြင် အမာရွတ်များ လျင်မြန်စွာ ပျောက်ကင်းစေရန်အတွက်လည်း ရေဓာတ်သည် များစွာ အထောက်အကူပြုပါသည်။ ထို့ကြောင့် နေ့စဉ် အနည်းဆုံး ရေ ၃ လီတာမှ ၄ လီတာခန့် သောက်သုံးဖြစ်အောင် ဂရုပြုသင့်ပါသည်။ အထက်တွင် ဖော်ပြခဲ့သော နည်းလမ်းများအနက် အဆင်ပြေသင့်တော်မည့် နည်းလမ်း တစ်မျိုးမျိုးကို ပြုလုပ်ဆောင်ရွက်ပေးနိုင်ပါသည်။ ထိုသို့ ပြုလုပ်ဆောင်ရွက်သည့်အခါ သတိပြုရမည့် အချက်တစ်ခုမှာ စွဲမြဲစွာ ဆောင်ရွက်ရန် ဖြစ်ပါသည်။ ဇွဲရှိရှိဖြင့် အချိန်ကြာမြင့်စွာ စွဲစွဲမြဲမြဲ လုပ်ဆောင်ပေးမှသာလျှင် သိသာထင်ရှားသည့် ရလဒ်ကို တွေ့ရမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိနှင့် အဆင်ပြေသည့် နည်းလမ်းများကို စွဲစွဲမြဲမြဲလုပ်ဆောင်ပေးခြင်းအားဖြင့် အမာရွတ်များ ကင်းစင်ပပျောက်နိုင်ပါစေကြောင်း ရေးသားလိုက်ရပါသည်။ Author: ဒေါက်တာမိုး (ဆေး ၁)