သွေးတိုးရောဂါ ရှိသူများရဲ့ သုံးပုံတစ်ပုံ ခန့်ဟာ မိမိမှာ သွေးတိုးရောဂါ ရှိမှန်း မသိကြသူများ ဖြစ်နေပါတယ်။ ဒါကြောင့်သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်သမား(Silent Killer) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။
သွေးတိုးရောဂါဆိုတာ လေဖြတ်ရောဂါ ဖြစ်စေတဲ့ နံပါတ်တစ် အကြောင်းအရင်းဖြစ်သလို နှလုံးရောဂါ ( နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှလုံးကြီးခြင်း) များရဲ့ အဓိကအကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။
သွေးတိုးဖြစ်စေနိုင်တဲ့ အကြောင်းအချက်တွေက
- သွေးတိုးမျိုးရိုးရှိခြင်း
- အဝလွန်ခြင်းနှင့် အထိုင်များခြင်း
- ဆေးလိပ်သောက်ခြင်း သို့မဟုတ် ဆေးရွက်ကြီးငုံခြင်း၊ ဝါးခြင်း
- အရက်အလွန်အကျွံသောက်ခြင်း
- စိတ်ဖိစီးမှုအလွန်များခြင်း
- ဆီးချိုနှင့် ကျောက်ကပ်စသည့် နာတာရှည်ရောဂါများရှိခြင်း
- ပိုတက်စီယမ်နှင့် ဗီတာမင် ဒီ လုံလောက်စွာမရခြင်း
- အငံဓါတ် (ဆိုဒီယမ်) များသောအစားအစာများ စားသုံးခြင်း
- အသက်အရွယ်ကြီးရင့်ခြင်း စသဖြင့် အကြောင်းတွေအများကြီးရှိပါတယ်။
သွေးတိုးရောဂါ လက္ခဏာ တွေကတော့
- အလွန် (သို့မဟုတ်) ရုတ်တရက် ခေါင်းကိုက်ခြင်း
- ခေါင်းမူးခြင်း
- မောခြင်း
- နှာခေါင်းသွေးယိုခြင်း
- ရင်ဘတ်အောင့်ခြင်း
- အမြင်အာရုံဝါးခြင်းနဲ့
- ဖောရောင်ခြင်း တို့ ဖြစ်ပါတယ်။
ဆောင်ရန် ၊ ရှောင်ရန်
- ဆေးလိပ်ဖြတ်ပြီး အရက်ကန့်သတ်သောက်ပါ။
- ဆား၊ အချိုမှုန့် စားသုံးမှုကို သတိပြုပါ။
- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
- သင့်၏ကျန်းမာသောစားသောက်မှုပုံစံအတွက် အားဖြည့်ရန် လိုအပ်သော မာလ်တီဗီတာမင်များသုံးစွဲပါ။
- ကိုယ်အလေးချိန်လျှော့ပြီး ထိန်းထားပါ။
- သွေးတိုးမျိုးရိုးရှိသူအနေဖြင့် အသက် ၄၅ နှစ်အထက်တွင် တစ်ပတ်တစ်ခါ ပုံမှန်သွေးပေါင်ချိန်ခြင်းများ ပြုလုပ်သင့်ပါတယ်။
အိမ်သုံးသွေးပေါင်ချိန်စက်များ အသုံးပြုခြင်း
ပုံမှန်အထက် နှင့် အဆင့် ၁ သွေးတိုးရောဂါရှိသူများအနေဖြင့် အိမ်သုံးသွေးပေါင်ချိန်စက်များနှင့် တစ်နေ့ အနည်းဆုံး (၁) ကြိမ် တိုင်းတာပေးရပါမယ်။ အဆင့် (၂) နှင့် အထက် သွေးတိုးရှိသူများအနေဖြင့် ဆေးမသောက်မီ မနက်နှင့် ည ပုံမှန် တိုင်းပေးခြင်းဖြင့် မိမိသွေးပေါင်ချိန်ကို အစဥ်မပြတ်သိရှိနေပြီး လိုအပ်လာသောအခါမှာ ဆရာ၀န်နှင့် အချိန်မီ ဆေးကုသမှုခံယူနိုင်မှာပဲ ဖြစ်ပါတယ်။
ဆရာ၀န်နှင့် ကုသမှုခံယူခြင်း
ဆရာဝန်နှင့် ကုသမှုခံယူရာမှာလည်း ကိုယ်ခန္ဓာ အခြေအနေပေါ်မူတည်ပြီး လူမှုဘဝ နေထိုင်ပုံ၊ စားသောက်မှုပုံစံ၊ ဆေး နဲ့ အခြား လှုပ်ရှားမှုများကို သေချာမေးမြန်းပြီး လိုက်နာလုပ်ဆောင်ဖို့လိုအပ်ပါတယ်။